ကျောက်ကြီး ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက် (၉)နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား ဆောင်ရွက်ပေးကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသော နိုင်ငံသားများနှင့် ဥပဒေအရနိုင်ငံသားအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ကို ကျောက်ကြီးမြို့နယ်တွင် မေလ ၃ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ရပ်ကွက်ကျေးရွာ(၄၁)အုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသူများ၊ မူလဒေသနှင့်ပြောင်းရွှေ့နေထိုင်သူများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ အသက်၁၆နှစ် ၁၈ နှစ်ကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက်ပြည်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသော ပြည်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့အထိ လူဦးရေ(၆၇၃)ဦးအတွက် အိမ်ထောင်စုလူဦးရေစာရင်း(၁၃၉)စု (၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၉)ခု၊ (၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၅၄)ခု ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံချက်ကာလတလျှောက် ပိတ်ရက်မရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးညီဇော်ဌေးနှင့် ရုံးဝန်ထမ်းများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်