ပွင့်ဖြူ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မင်းဘူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာနှင့် လယ်ဖီလာကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးမှု ရှိ/ မရှိနှင့် စီမံကိန်း ရန်ပုံငွေ စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/ မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းတာဝန်ခံများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် လယ်လှကုန်း ကျေးရွာနှင့် လယ်ဖီလာကျေးရွာရှိ ဒေသခံပြည်သူများ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်း များဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်နေမှုများ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးရွာမြစိမ်းစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ မိမိတို့ ကျေးရွာအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ တာဝန်ရှိသူများက ဒေသခံပြည်သူများ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြပြီး စီမံကိန်းရန်ပုံငွေများ အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲရေးနှင့် ငွေစာရင်းဇယားများ စနစ်တကျ ဖြည့်စွက် ရေးသွင်းထားရှိရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာနှင့် လယ်ဖီလာကျေးရွာတို့တွင် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ တစ်ရွာလျှင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ စီ ထုတ်ချေး၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ ယခုအခါ ဒေသခံ ပြည်သူများ အနေဖြင့် မိသားစုဝင်ငွေရရှိသည့်အပြင် စီမံကိန်းအတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)