ပြည်ခရိုင်တွင် ပြင်ပပုဂ္ဂိုလ်များအား အခြေခံပညာဦးစီးဌာန၌ အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြများအဖြစ် ခန့်ထားနိုင်ရေး အရည်အချင်းစစ်စာမေးပွဲကျင်းပ

ပြည်   ဇွန်    ၁၉

ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင်ပညာရေးမှူးရုံးမှကြီးမှူးကျင်းပသော ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ အခြေခံပညာဦးစီးဌာနတွင် သင်ကြားရေး တာဝန်ထမ်းဆောင်ရန် လျှောက်ထား လာသော ပြင်ပပုဂ္ဂိုလ်များအား အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြများအဖြစ် ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကို  ပြည်မြို့ အ.ထ.က (၁)နှင့်အ.ထ.က (၄) စာစစ်ဌာန(၂)ခုတို့၌ ယနေ့နံနက် ၉ နာရီကစတင်ကျင်းပပြုလုပ်ခဲ့သည်။

အရည်အချင်းစစ်စာမေးပွဲတွင် ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်တို့မှ အခြေခံပညာဦးစီးဌာနတွင် သင်ကြားရေးတာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ အထက်တန်းပြ (၃၆) ဦး၊အလယ်တန်းပြ(၂၂) ဦးနှင့် မူလတန်းပြ (၉၃၈) ဦးစာရင်းရှိကာ အဆိုပါစာရင်းရှိလျှောက်ထားသူ စုစုပေါင်း (၉၉၆)ဦးအနက် (၈၇၈)ဦး ဝင်ရောက်ဖြေဆိုပြီး (၁၁၈)ဦး ဖြေဆိုရန်ပျက်ကွက်ကြောင်းနှင့် ယင်းအရည်အချင်းစစ်စာမေးပွဲကို (ရေးဖြေ) တစ်ရက်၊(နှုတ်ဖြေ)တစ်ရက် နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူး ရုံးမှ သိရသည်။

ကိုဆက်