အုတ်ဖိုမြို့နယ်တွင် နွေရာသီအားစားသင်တန်းမှ အားကစားသမား(၂၀၀)ဦး မွေးထုတ်ပေးနိုင်ခဲ့

အုတ်ဖို       ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ဖွင့်လှစ်လျက်ရှိသည့် နွေရာသီအားစားသင်တန်းမှ အားကစားသမား(၂၀၀)ဦးအား မွေးထုတ်ပေးနိုင် ခဲ့ကြောင်းသိရသည်။

သင်တန်း၌ ကြက်တောင်တွင်(၁၅)ဦး၊ ဘောလုံး(၄၅)ဦး၊ ပိုက်ကျော်ခြင်း(၂၅)ဦး၊ ပြေးခုံပစ်(၂)ဦး၊ စားပွဲတင်တင်းနစ်(၈)ဦး၊ မြန်မာ့သိုင်းပညာ(၈၅)ဦးနှင့် Physical Fitness Dance (၂၀)ဦး စုစုပေါင်း(၂၀၀)ဦးတို့ကို သင်တန်းဆရာများအဖြစ် ဇေယျာသိဒ္ဓိသိုင်းပင်မ၊ မြန်မာ့သိုင်း အဖွဲ့ချုပ်မှ နည်းပြ ဦးမိုးမိုက်မိုက်၊ လက်ထောက်နည်းပြ ဦးသက်ပိုင်အောင်၊ ဦးရဲရင့်အောင်၊ ဦးဇော်ဝင်းအောင်၊ ဦးနန္ဒအောင်နှင့် ဦးပြည်သာမောင်တို့က သင်ကြားပေးခဲ့တာ ဖြစ်ပြီး သင်တန်းကာလ (၂၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင် ထံမှသိရသည်။

ယနေ့နံနက်တွင် သင်တန်းဆင်းပွဲအခမ်းအနားနှင့် မြန်မာ့သိုင်း၊ Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်မှချမှတ်ထားသော လူမှုရေးဦးတည်ချက်(၁)ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ် လူရွယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားကို မဖြစ်မနေဆောင်ရွက်ရန်လိုကြောင်း၊ အားကစားကဏ္ဍ အောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အတန်းကိုထင်ဟပ်စေပြီး နိုင်ငံတော် ၏ စည်းလုံညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံတော် ဂုဏ်သိက္ခာအဆင့်အတန်းကို ဖော်ပြသည့် ခံယူချက်ဖြင့် အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများအား ကျောင်းလက်ရွေးစင်မှတစ်ဆင့် မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင် ထိုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ် အများ ပြည်သူ၏ အားကျဂုဏ်ယူရတဲ့ အားကစားသမားကောင်းများဖြစ်လာစေရန် အမြဲမပြတ် လေ့ကျင့် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ သည့်အတွက် မိမိအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါကြောင်းပြောကြားခဲ့ပြီး ထူးချွန်သည့်အားကစားသမားများအား ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် မြို့နယ်ခြင်းဝါသနာရှင်များကလည်း ခြင်းအလှပြ ဖျော်ဖြေ ပေးခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)