ကြို့ပင်ကောက်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးသင်တန်းဖွင့်

ကြို့ပင်ကောက်   ဇွန်   ၁၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေရုံး ဥပဒေအရာရှိ ဒေါ်ဝင်းပပအေးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ နည်းဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်မို့မို့အေးက လူမှုဝန်ထမ်းဦးစီး ဌာနရုံးမှ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ရာ သင်တန်းတက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်လင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်းသာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားအများအဖြစ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများမှ ဆရာဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)