အုတ်ဖိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အုတ်ဖို  ဇွန်  ၁၉

 မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ညွန့်ညွန့်စိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ရေးသားသော “ပန်းလည်းလှစေ ပျားလည်းဝစေ” စာအုပ်ပါ “အရမ်း အရမ်း အရမ်း ရမ်းကားနေကြသူတွေ ရှက်ကြစေချင်စမ်းပါဘိ”၊ “စာပေအပွင့်နှင့်စာပေအသီး”၊ “စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး”စသည့် ခေါင်းစဉ်များအား မြို့နယ်စာကြည့်တိုက်မှူးဒေါ်မြင့်မြင့်မိုးက စတင် ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များကလည်း အချင်းချင်းပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)