ကော့သောင်းမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကော့သောင်း  ဇွန် ၁၉

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်း မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဏ္ဏဝါအခြေခံပညာအ ထက်တန်း ကျောင်းခွဲ၊ ခန်းမ၌ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်အေး က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ အခွင့်အရေး ၊ ကလေးသူငယ်ကျင့်ဝတ်၊ စည်းကမ်းများနှင့်မိဘအုပ်ထိန်းသူနှင့် ဆရာ/ဆရာမများ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

 ယင်းနောက် ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့၊ ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုး က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များဆိုင်ရာသိကောင်းစရာများ အားလည်းကောင်း၊  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးမှူး ဒေါ်သီသီအေး က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ကော့သောင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက ကလေးသူများ စိတ်ပိုင်းဆိုင်ရာ အသိပညာဗဟုတတိုးပွားရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက် လာသူများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ရေး ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)