ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ပေါင်းတည် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ကျော်ဦးနှင့် တာဝန်ရှိသူများမှ ရန်ကုန် -ပြည်ကားလမ်းဘေး ရှိစစ်ဆေးရေးဂိတ်တွင် မြို့အတွင်းဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှုရှိ/ မရှိစစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေး၊ အပူချိန်များတိုင်းတာ​​​ ခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်း၊ mask ကိုစနစ်တကျတပ်ဆင်ပြီး မှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ကနဦးပညာပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)