မြိတ် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူလူထု ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ပဆွပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
ပဆွပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစီမံကိန်းဖြင့် ကွန်ကရစ်လမ်းကို လမ်းအရှည် (၅၅၀)ပေ၊ အကျယ်(၉)ပေ၊ ကွန်ကရစ်ထု(၆)လက်မဖြင့် Box Culvert အငယ်(၂)စင်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ကျေးရွာမှပြည်သူလုပ်အားဖြင့် ထည့်ဝင်မှု(၂၅)သိန်းကျပ်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့် အဆိုပါကျေးရွာနေ ပြည်သူများမှ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ခြင်းအားဖြင့် ကျေးရွာတွေမှာ ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာတယ်။ စည်းလုံးညီညွှတ်မှု အားကောင်းလာတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးတွေကို ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာစေပါတယ်” ဟု မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်း ကျေးရွာ(၁၁)ရွာတွင် ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စီမံကိန်းဖြင့် ကွန်ကရစ်လမ်း (၂)လမ်း၊ မြေသားလမ်း(၂) လမ်း၊ ရေပေးဝေရေးလုပ်ငန်း(၇)ခုကို ကျေးရွာပြည်သူလူထုပူးပေါင်းမှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီမှ ကျေးရွာထည့်ဝင်ငွေနှင့် လုပ်အားများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )