မြိတ်မြို့တွင် သင်ကြားရေး ဆရာ ဆရာမ(အထက်တန်း/အလယ်တန်း/မူလတန်း) ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲ ကျင်းပ

မြိတ်     ဇွန်    ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စုရှိ မြို့နယ်(၆)မြို့နယ်တွင် သင်ကြားရေး (အထက်တန်း/ အလယ်တန်း/ မူလတန်း) ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကုမုဒြာအဆောင်တွင် ယနေ့ နံနက်(၉)နာရီက အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ကျင်းပခဲ့သည်။

အရည်အချင်းစစ်စာမေးပွဲကို မြို့နယ်(၆)မြို့နယ်မှ အထက်တန်းပြနေရာအတွက်(၁၁)ဦး၊ အလယ်တန်းပြ နေရာအတွက်(၆)ဦး၊ မူလတန်းပြနေရာအတွက်(၄၁၂)ဦး စုစုပေါင်း(၄၂၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ စာမေးပွဲ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြိတ်ခရိုင် ပညာရေးမှူး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စာမေးပွဲကို ဝင်ရောက်‌ဖြေဆိုကြသူများအား ဇွန်လ(၂၀)ရက်တွင် လူတွေ့စာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ပြီး အရည်အချင်းစစ်ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲတွင် ဖြေဆိုအောင်မြင် ကြသူများအား မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များရှိ လစ်လပ်နေရာများတွင် ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)