သရက်ချောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ဇွန် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင် က ပန်းခင်းစီမံအကြောင်းကို ရှင်းလင်းပြောကြားရာတွင် ပန်းခင်းစီမံချက်ဖြင့် မွေးပါရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအကြောင်း၊ ပန်းခင်း စီမံချက်အရ ဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပန်းခင်း စီမံချက်အရ နေထိုင်မှုပုံစံများအလိုက် နည်းလမ်း(၄) သွယ်ဖြင့် ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ကို (၃-၅-၂၀၂၁)ရက်နေ့မှ စတင်ကာ ဆောင် ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်၊ အသက်(၁၀) နှစ်ပြည့်မှ(၁၈)နှစ်ပြည့်လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီး မိတ္တူ စုစုပေါင်း(၂၁၃)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၀၄)စုကို ထုတ်ပေးနိုင်ခဲ့ပြီး (၃-၁၁-၂၀၂၂)ရက်နေ့အထိ(၁၈)လကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်ချောင်း (ပြန်/ဆက်)