ပူတာအို ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးနှင့်ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်း၍ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးက သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အသိပညာပေး ဟောပြောကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးက သစ်တောသစ်ပင်များမှ လူသားတို့အတွက် အကျိုးပြုပုံများ၊ သဘာဝဝန်းကျင် ယိုယွင်းပျက်စီးခြင်း၏အကြောင်းအရင်းများ၊ သစ်တော သယံဇာတများပျက်စီးပြုန်းတီးခြင်း၊ သဘာဝဝန်းကျင်ပျက်စီးခြင်းကြောင့် လူသားများရရှိလာမည့်ဆိုးကျိုးများကို အသိပညာပေး ဟောပြောပြီး ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောအုပ်ကြီး ဦးနေမျိုးထွန်း က သဘာဝထိန်းသိမ်းရေးနယ်မြေများအကြောင်း သိကောင်းစရာများ၊ မြန်မာနိုင်ငံရှိ သဘာဝနယ်မြေအမျိုး အစားများ၊ ကချင်ပြည်နယ်အတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ မျောက်လွဲကျော်နှင့် လူသားတို့ ဆက်စပ်အကျိုးပြုပုံများ၊ သဘာဝနယ်မြေထိခိုက်စေသည့်အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောကြသည်။
အဆိုပါ သဘာဝဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲသို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသူများအား ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်နှင့်ဖုန်ကန်ရာဇီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရုံးတို့မှ ထုတ်ဝေသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် အာဟာရမုန့်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်