သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောချောင်းကူးတံတားအား ပြန်လည်ပြုပြင်

ကြို့ပင်ကောက် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်က သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသော ကျောက်ဝကျေးရွာအုပ်စု ထန်းကုန်း ကျေးရွာနှင့်  မင်းအိုကျေးရွာအုပ်စု မင်းအိုကျေးရွာတို့အားဆက်သွယ်ထားသော ဘော်ဘင် ချောင်းကူးတံတားအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

တံတားမှာ၂၀၁၄ ခုနှစ်ခန့်က စတင်ဆောက်လုပ်ထားသော ၁၂၀ ပေအရှည် ၉ ပေအကျယ်ရှိသော အုတ်ခုံခံသစ်သားတံတား ရေလယ်ခန်း အရှည် ၄၀ ပေ၊ အကျယ် ၉ မှာပျက်စီးသွားကြောင်း> လက်ရှိအခြေအနေမှာ တံတား၏ပျက်စီးသွားသောအပိုင်းအား သံဖရိန်အိုင်ဗင့်ခံပြီး သစ်သားကြမ်းခင်း တံတားအဖြစ် ကျေးလက်လမ်းတံတားဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း ကျေးရွာသူ ကျေးရွာသားများ သွားလာရေးအတွက် လှေများကို အသုံးပြုကာသွားလာနေရကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်တင်နုနုထွန်းက ပြောကြားခဲ့သည်။

အဆိုပါတံတားပြုပြင်ပြီးစီးသွားပါက ကျေးရွာအုပ်စုများအချင်းချင်း ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်အဆင်ပြေသွားမည်ဖြစ်ကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)