နွေအကုန် မိုးအကူးခရမ်းချဉ်သီးများ ရှားပါးချိန်ဖြစ်၍ ကျပ် ၂၀၀၀ ကျော်ဈေးအထိ မြင့်တက်

မင်းဘူး   ဇွန်   ၁၉

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြသော မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည်  နွေအကုန် မိုးအကူး ခရမ်းချဉ်သီးများ ရှားပါးချိန်တွင်  ဈေးပြန်တက်လာသဖြင့် ခရမ်းချဉ်တုံးမသွားသေးဘဲ ကျန်ရှိနေသေးသည့် စိုက်ခင်းရှင်များ အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ  သိရသည်။

"ခရမ်းချဉ်က မီးဖိုချောင်သုံး စားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၉၀၀/၁၀၀၀ ကနေ ၁၀၀/၂၀၀ ကျပ်ဈေးအထိ ထိုးကျသွားတော့  တောင်သူတွေ တော်တော် ဒုက္ခရောက်ခဲ့ရတယ်။ အခုနောက်ပိုင်း ခရမ်းချဉ်သီးများရှားပါးချိန်မှာတော့ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေး တစ်ပိဿာ ၂၅၀၀ ကျပ်အထိ ပြန်တက်လာတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အတိုင်းမသိ ဝမ်းသာရပါတယ်'' ဟု ခရမ်းချဉ်စိုက်တောင်သူ ကိုဘအေးက ပြောကြားခဲ့သည်။

မင်းဘူးမြို့နယ်ရှိ ကျေးရွာများအနက် ကျောက်တန်းကျေးရွာမှာ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်ရယ်လို့ အမျိုးမျိုး စိုက်ပျိုးကြပြီး ယခုမင်းဘူး ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၂၂၀၀/၂၃၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ရောင်းချနေ ရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

"ဒီနှစ်က အခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန်ကျပြီး ခရမ်းချဉ်သီးတစ်မျိုးဘဲကျပ် ၁၀၀၀ ဝန်းကျင်ကနေ  ၂၅၀၀ ကျပ် ဈေးအထိ ပြန်တက်လာတာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေး ပြန်တက်လာတော့ တောင်သူတွေ အဆင်ပြေတာပေါ့" ဟု ကျောက်တန်းကျေးရွာမှ စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ပြောကြားခဲ့သည်။

နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလို ပိုးမွှားကျရောက်မှုလည်း နည်းပါးပြီး၊ မိုးတွင်း ကာလမှာတော့ အပင်ငယ်ငယ်အချိန်မှာ မိုရောဂါ ကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)