ကော့ကရိတ် ဇွန် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၂၉)ကြိမ်မြောက် နေ့၊ ည အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ညနေ ၁နာရီအချိန်က ကော့ကရိတ်မြို့ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခ လောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်ဒါယကာ၊ ဒါယကာမများက နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရင်းကျောင်းဆရာတော် ဘဒ္ဒန္တပညောဘောသထံမှ ငါးပါးသီလခံယူခြင်းနှင့် ရေစက်ချ အမျှပေးဝေခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက သာသနာရေးရာလျှောက်ထားလွှာ ဖတ်ကြား လျှောက်ထားသည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်် တာဝန်ရှိသူများက ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ”သုံးကြိမ်သံပြိုင်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်လှူပွဲကိုကျင်းပရာ ကော့ကရိတ်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များနှင့် မယ်သီလရှင်များမှ ကြွရောက်ချီးမြှင့်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ နှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆေး၊ မုန့်များနှင့် ဝတ္ထုငွေအစရှိသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)