ကြို့ပင်ကောက် ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်သွားလာရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်လွဲပိုင်း ကဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့ရှိဒေသခံပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သွားလာရာတွင် နှာခေါင်း စည်းများ တပ်ဆင်သွားလာပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး လှုပ်ရှားမှုကို အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ မြို့မဈေးအနီးပတ်ဝန်းကျင် လူစည်ကားရာနေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုကူးစက်မှုမရှိသေးကြောင်း သို့ပါ၍ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
ထိုသို့ အသိပညာပေးလှုပ်ရှားမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပူးပေါင်းကာ နေ့စဉ် နှာခေါင်း စည်း အခု(၄၀၀)အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)