ကျုံပျော်တွင် လျှပ်စစ်သံဂဟေဆက် (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

ကျုံပျော် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သံဂဟေဆက် (အခမဲ့)သင်တန်း ဆင်းပွဲကို အဆိုပါရုံးသင်တန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး က မိမိတို့ ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို ‌ဖွင့်လှစ်‌ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်း တက်ရောက်ပြီးသူများ အနေဖြင့်လည်း မိမိတို့သင်ယူပြီးသည့် ယခုပညာရပ်ကို ဆက်လက် လေ့လာကာ မိမိဘဝတိုးတက်ရေးနှင့် ရပ်ရွာအကျိုးကို သယ်ပိုးနိုင်ရေးတို့တွင် ဆောင်ရွက် ကြစေလိုကြောင်း အမှာစကား ပြောကြားပြီး သင်တန်းသားများထံသို့ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူတစ်ဦးက သင်တန်းထူးချွန်ဆုရ သင်တန်းသား ဦးအေးမင်းသူ ထံသို့ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်အား ပေးအပ်ချီးမြှင့်ပြီး၊ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်ခန်းစာများကို(၁၉)ရက်ကြာ လက်တွေ့ သင်ကြား ပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)