ကျုံပျော်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေး ပွဲကျင်းပ

ကျုံပျော်  ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကောင် အထည်ဖော်ဆောင်ရွက်ရေးရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးမျိုးညွှန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေး စီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့်မှုခင်းများ လျော့ချရန်၊ တရားရုံးများအပေါ် ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန် စသည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ကျုံပျော်မြို့နယ်တရားသူကြီး ဒေါ်သီတာကျော်က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ဆောင်ရွက်ရခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အမှုအမျိုးအစားအလိုက် ဆောင်ရွက်မည့် စံချိန်စံနှုန်း နှင့် လုပ်ထုံးလုပ်နည်း များအား ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်း‌ ဆွေးနွေးသည်။

ထို့နောက် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က တက်ရောက်လာကြသူများ၏ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ 

ကျုံပျော်မြို့နယ်တရားရုံးအနေဖြင့် အဆိုပါမှုခင်းစီမံခန့်ခွဲမှုအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍အကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်ဦးမျိုးညွှန့်၊ တိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ချိုထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း နှင့်အဖွဲ့ဝင်များ၊မြို့နယ် တရားသူကြီးနှင့်တရားရုံး တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်