ကြာအင်းဆိပ်ကြီး ဇွန် ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုမိုးရာသီတွင် ထွန်ယက် စိုက်ပျိုးမည့် မိုးစပါးများ အထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး မြေဆီမြေလွှာများ မြေချဉ်ဓာတ် လျော့နည်းကာ မြေဆီလွှာများဖွံ့ဖြိုးကောင်းမွန်လာစေရေးအတွက်ရည်ရွယ်ပြီး သစ်စိမ်း မြေဩဇာ ထည့်သွင်း မြေမြှူပ်ခြင်းကွင်းသရုပ်ပြသခြင်း နှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့မကွင်း၌ပြုလုပ်ကျင်းပသည်။
အဆိုပါမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာထည့်သွင်းမြေမြှုပ်ခြင်းကွင်းသရုပ်ပြသခြင်း နှင့်တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်က တောင်သူများအနေဖြင့် ယခုမိုးရာသီတွင်မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများအား ကြိုတင်ပြင်ဆင်ခြင်းနှင့် အထွက်နှုန်း တိုးတက်မြင့်မားလာစေရေးအတွက် မြေဆီမြေလွှာများ ဖွံ့ဖြိုးတိုးတက်လာစေရေး လယ်ဧကများပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေး ပြောကြားသည်
ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝေလင်းညွှန့်က တက်ရောက် လေ့လာကြသည့် ဒေသခံတောင်သူများအား မိမိတို့၏လယ်ယာမြေအတွင်း သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးပြီး ရက်(၄၀)မှ(၄၅)ရက်အကြာတွင် ထယ်ထိုးနစ်မြှုပ်ထားပြီး (၁၀)ရက်မှ(၁၄)ရက် အကြာတွင် ကောင်းစွာဆွေးမြေ့ကာ မြေဆီမြေလွှာများဖွံ့ဖြိုးတိုးတက်လာပြီး မိမိတို့စိုက်ပျိုးမည့်သီးနှံ များကို စိုက်ပျိုးခြင်းဖြင့်အသီးအနှံအထွက်နှုန်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက်တက်ရောက်လေ့လာကြသည့် ဒေသခံတောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အဆိုပါမြို့မကွင်း၌ ထည့်သွင်းစိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာများ ထယ်ထိုးမြေမြှုပ်ခြင်းအား လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မျိုးမင်းဦး