လေးမျက်နှာ ဇွန် ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆိုင်က အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင်အနေဖြင့် အာဆီယံ ဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးကော်မတီ နှင့်ပတ်သက်၍ (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၁၃-၂၀၂၂ NSPAW)ကို လုပ်ငန်း(၁၂)ရပ် သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် အမျိူးသမီးအကြမ်းဖက်မှုများအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Help Lineများကို ၂၄နာရီ ဖွင့်လှစ်ထားရှိခြင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး /ပြည်နယ်/ခရိုင် /မြို့နယ် အမျိုးသမီးကော်မတီများဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းတို့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်တဲ့ အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကိုလည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာနေရာ များမှာနှောက်ယှက်မှု၊ ထိခိုက်နစ်နာစေတဲ့ ရိုးရာဓလေ့ထုံးတမ်းများနဲ့ အကြမ်းဖက်မှု၊ နောက်ယောင်ခံပြီးနှောက်ယှက်မှု အပါအဝင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ထည့်သွင်းပြီးရေးဆွဲထားကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အကြမ်းဖက်ခံရသည့်အမျိူးသမီးများနှင့် အမျိူးသမီးငယ်များအတွက် နားခိုရာနေရာများနှင့် ဝန်ဆောင်မှုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် One Stop Women Support Center (OSWSC)ကိုရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်မြို့တို့တွင ဖွင့်လှစ်၍ကျန်းမာရေး၊ လူမှုရေး၊ တရားဥပဒေဆိုင်ရာများကို ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝံ့ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက ဆွေးနွေးလိုသည်များကိုဆက်လက်ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)