တောင်ငူ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ငူခရိုင်ဦးစီးမှုး ဦးသိန်းဇော်က အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်သီတာအောင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေး သူငယ် အခွင့် အရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများအကြောင်း၊ ယင်းလုပ်ငန်း တို့ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ်များအကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွင် အကျုံးဝင်သည့်ကလေးများအတွက် ထောက်ပံ့ပေးမှုအခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက သိရှိလိုသည်များနှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအခြေအနေများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ နှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။