ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေဘို ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ကလေး သူငယ်များ၏ အသက်ရှင်ရေးအပါအဝင် အခွင့်အရေး (၄) ရပ်ကို ပြဌာန်းထားတဲ့ ဥပဒေ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်အထည်ဖော် ဆောင်ရွက်နိုင်စေရေး တို့အတွက် ကော်မတီအဖွဲ့ဝင်အသီးသီး၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်အတူ ပူးတွဲ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြား​ပြီးနောက် ကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်စိမ်းလဲ့ရည်က ကော်မတီအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ကလေး သူငယ်များနှင့် ပတ်သက်သော အခွင့်အရေးများ၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် ကလေးမိဘများအား အသိပညာပေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ဆောင်ရွက်သင့်သော လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက  ကော်မတီအဖွဲ့ ဝင်များအနေဖြင့် မိမိဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်နည်းတူ လုပ်ငန်းများ ထိထိ ရောက်ရောက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကော်မတီအနေဖြင့် ပေါင်းစပ်၍ အရှိန်မြှင့်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြင့်နိုင်စိုး (ထီးလှိုင်မြေ)