နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ရွှေဘုံသာမိုးကောင်း ဘုရားကြီးတွင် ယမန်နေ့ညနေ (၄) နာရီအချိန်ခန့်က စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နတ်မောက်မြို့အနီးရှိ ကျေးရွာများနှင့် မြို့ပေါ် (၇) ရပ်ကွက်ရှိအလှူရှင် ဒါယကာ၊ ဒါယိကာမတို့က စုပေါင်းပြီး သံဃာတော်အပါး (၁၄၀) တို့ အား ဆန်၊ ကြက်သွန်၊ လှူဖွယ်၀တ္ထုများကို လောင်းလှူပေးခဲ့ကြသည်။
“ကျွန်မတို့က နှစ်စဉ်နှစ်တိုင်း ဒီရွှေဘုံသာမိုးကောင်းဘုရားကြီးကို နယုန်လဆန်း (၈) ရက်နေ့ ရောက်တိုင်းမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးပတ်ဝန်းကျင်ကျေးရွာရှိ အလှူရှင်များ စုပေါင်းပြီး ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပါတယ်။ နံနက်ပိုင်းမှာ ဘုရားကြီးကို ဆွမ်း၊ ရေချမ်း၊ သစ်သီးများ နှင့် အမွှေးနံ့ ကပ်လှူ ပူဇော်ခဲ့ပြီး၊ ညနေပိုင်းမှာတော့ ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ပါ တယ်” ဟု ကန်ကြီးရပ်ကွက်ရှိ ဆွမ်းဆန်စိမ်းလာရောက် လောင်းလှူသူတစ်ဦးက ပြောကြား ခဲ့သည်။
လှဝင်း(နတ်မောက်)