လက်ပံတန်းမြို့နယ်တွင် (၁၁) ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၅၁)ဦးရှိ

လက်ပံတန်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာ တို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန်လ ၇ ရက်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးတွေ့ရှိခဲ့ရာမှ ၎င်းတို့နှင့် ထိတွေ့သူများ သံသယ လူနာများကို စစ်ဆေးခဲ့ရာ ယနေ့အထိ ပိုးတွေ့လူနာ(၁၅၁)ဦးရှိပြီး နှစ်ဦးသေဆုံးပြီဖြစ်ကြောင်း သိရ သည်။

ယခုအခါ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အစုလိုက်ဖြစ်ပွားခဲ့သော ဘီးလင်းတန်း ရပ်ကွက် ပေါက်ကုန်းသီတာလမ်းအား အသွားအလာ ကန့်သတ်ပိတ်ပင်ထားရှိခြင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ်မှုရှိသော မြို့မစျေးကို ဇွန်လ ၁၄ ရက်နေ့မှစ၍  ပိတ်ထား​ခြင်း အခြေခံပညာကျောင်းများကိုလည်း ဇွန်လ ၁၄ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး