နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်ကနတ်မောက်မြို့နယ် ကျောက်တန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကျား(၂၃) ဦး၊ မ (၂၈) ဦး ၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား(၉)ဦး၊မ (၂၆)ဦး စုစုပေါင်း (၈၆)ဦးတို့အား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ထိ ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှသိရသည်။
သင်းသင်းမြတ်