ကြံခင်း ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေရန် ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ထိုသို့အသိပေးနှိုးဆော်ခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဖြစ်သည့် နေအိမ်ပြင်ပထွက်ပါကမဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန်၊ လက်ကိုစက္ကန့်(၂၀)ကြာစနစ်တကျဆေးကြောရန်၊ ဆပ်ပြာနှင့် ရေမရှိသောနေရာများတွင် လက်သန့်ဆေးရည်အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှာနေထိုင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ အတတ်နိုင်ဆုံးနေအိမ်ပြင်ပမထွက်ကြရန်၊ အရေးကြီးကိစ္စရှိပါက တစ်ဦးသာသွားရန်နှင့်ပြန်လာပါက လက်ကိုစနစ်တကျဆေးကြောရန်၊ ယခုအခါ ကိုဗစ်-၁၉ရောဂါ (တတိယလှိုင်း)သည် အခြားနိုင်ငံများတွင် ကူးစက်မှုဖြစ်ပွားနေ သဖြင့် အထူးဂရုပြုနေထိုင်ကြရန်နှင့် မိမိတွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာသံသယဖြစ်ပါက အနီးဆုံးကျန်းမာရေးဌာနသို့ သွားရောက်ပြသပေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ခြင်းကိုမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)