သဲကုန်းမြို့အဝင်လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

 

သဲကုန်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန်ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများမှ​ ပုတီးကုန်း-သဲကုန်း-ဆင်မြီးဆွဲ-ပေါင်းတလည်-​ပြည်လမ်းတို့ ဆုံမှတ်နေရာဖြစ်သော အဆိုပါလမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်းဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှုရှိ/ မရှိစစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask ကိုစနစ်တကျတပ်ဆင်ပြီးမှသာ မြို့တွင်းသို့ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ကနဦးပညာပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

 

နိုင်လင်း