ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ပေါင်းတည် ဇွန် ၁၈

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအားလုံးနှင့် တွေ့ဆုံ မိတ်ဆက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံ့ ဝန်ထမ်းများဖြစ်သည်နှင့် အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက် သွားကြရန်၊၊ ကိုဗစ်-၁၉ ရောဂါ ထပ်မံ တိုးပွားမှုမဖြစ်လာစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရန်၊ ယခုအချိန်တွင် ဌာန ဆိုင်ရာဝန်ထမ်းများအနေဖြင့် လုံခြုံရေး သတိဝိရိယရှိစွာ နေထိုင်သွားလာကြရန် ပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း တစ်ဦးချင်းမိတ်ဆက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ထို့နောက် ဌာနဆိုင်ရာများက မြို့နယ်အတွင်း လက်ရှိဆောင်ရွက်နေကြသော လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရေးတို့အတွက် လည်းကောင်း၊ မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များအား အလေးထားကြရန် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်