မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိ

မိုးညို ဇွန် ၁၈ ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း ယမန်နေ့ ညနေပိုင်းအချိန်တွင် သိရှိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူမှာ မိုးညိုမြို့ပေါ်တွင် နေထိုင်ပြီး၊ အ.ထ.က(မိုးညို) စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်၊ ၎င်းသည်ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ ပြန်လည်ရောက်ရှိလာပြီးနောက် ၃ ရက်ခန့် အနံ့မရရှိသဖြင့် မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ RDT test ဖြင့် စစ်ဆေးစမ်းသပ်ချက်အရ ၎င်းတွင် ကိုဗစ်-၁၉ရောဂါ (Positive)ပိုး တွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူအား မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ထားရှိကုသသွားမည်ဖြစ်ပြီး ၎င်းနှင့်တစ်အိမ်တည်းနေ မိသားစု၀င်များအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာ၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ ကိုမင်း