အုတ်ဖိုမြို့နယ်တွင် Quarantine Centre ဖွင့်လှစ်ထားရှိရန် ပြင်ဆင်ထားသည့် နေရာအား ကြည့်ရှုစစ်ဆေး

အုတ်ဖို ဇွန် ၁၈

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလာပါက စနစ်တကျထားရှိကုသနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကုသပေးသွားမည့် နေရာနှင့် Quarantine Centre ဖွင့်လှစ်ထားရှိရန်ပြင်ဆင်ထားသည့် နေရာအား ယမန်နေ့မွန်းလွဲပိုင်းက သာယာဝတီခရိုင် ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးမှလာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်သည် အုတ်ဖိုမြို့နယ်ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မင်းနှင့် ကော်မတီဝင်များအား တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများ ထားရှိကုသပေးသွားမည့် မြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်နှင့် Quarantine Centre ဖွင့်လှစ်သွားမည့် သီတဂူစက္ခုဒါနဆေးရုံ တို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုလျှင်မြန်ကြောင်း အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မိမိတို့အနေနဲ့ စနစ်တကျပြင်ထားရှိရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

အောင်သူ(အုတ်ဖို)