ကြို့ပင်ကောက် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကု သပေးသွားမည့် နေရာများနှင့် Quarantine Centre ဖွင့်လှစ်ထားသည့် နေရာများအား သာယာဝတီ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တာဝန်ရှိသူများက ကြို့ပင်ကောက်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိကုသပေးသွားမည့် မြို့နယ်တိုင်းရင်းဆေးရုံ၊ Quarantine Centre ဖွင့်လှစ်ထားသည့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြို့နယ်ခန်းမတို့အား ကြည့်ရှုစစ်ဆေး ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုလျင်မြန်ကြောင်း အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာထားရှိကုသသွားရန် မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ခုတင်(၈)လုံး၊ တိုင်းရင်းဆေးရုံတွင် ခုတင်(၃၅)လုံးနှင့် အလယ်ကုန်းဆေးရုံတွင် ခုတင်(၉) လုံး စီစဉ်ထားကြောင်း၊ Quarantine Centre ဖွင့်လှစ်ထားသော စက်မှုလယ်ယာဦးစီးဌာနရုံးတွင် (၂၀)ဦး၊ မြို့နယ်ခန်းမတွင် (၅၀)ဦး ထားရှိသွား ရန် စီစဉ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)