ဖောင်းပြင် ဇွန် ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ကျေးရွာများ၌ ဖွင့်လှစ်သင်ကြားပေးကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြင်သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖွင့်လှစ်ပေးသော အဆင့်မြင့်စက်ချုပ်သင်တန်းအား သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးဝင်း၊ မော်လိုက်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးသိန်းမင်းနှင့် ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းတို့က အမှာစကားများအသီးသီးပြောကြားပြီး သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူး တင်စကားပြောကြားသည်။ ထို့နောက် သင်တန်း၌ အထူးချွန်ဆုံး သင်တန်းသူတစ်ဦးအား အထူးချွန်ဆုံးဆုကိုလည်းကောင်း၊ သင်တန်းသူအားလုံးအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း တာဝန်ရှိသူတို့က ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုငွေကျပ် ၂၅ သိန်းဖြင့် ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်းသူများမှာ ယခင်က ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းတွင် သင်ယူခဲ့ ဖူးသူများဖြစ်ကာ ယခုအခါ ယောက်ျားဝတ် ကုတ်အင်္ကျီ၊ ရှပ်အင်္ကျီ၊ စတစ်အင်္ကျီနှင့် အမျိုးသမီဝတ် ကုတ် အင်္ကျီ၊ ခေတ်ပေါ်ဒီဇိုင်းမျိုးစုံနှင့် ချုပ်ထည်အမျိုးပေါင်း ၃၀ ကျော်တို့ကို ချုပ်လုပ်နိုင်ကြပြီဖြစ်ကြောင်း ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူထံမှ သိရသည်။
ကိုထွန်း (ဖောင်းပြင်)