ထန်းတပင်(ရန်ကုန်) ဇွန် ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းကို ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာရှိဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေဖို့ကို အဓိကရည်ရွယ်ပါတယ်၊ နောက်သင်တန်းတွေကနေ မွေးထုတ်ပေးလိုက်ပြီးတော့ မိမိရဲ့ကိုယ်ပိုင်ဝင်ငွေရရှိအောင် စွမ်းဆောင် ပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒေသရဲ့လိုအပ်ချက်၊ ဒေသမှာလိုအပ်တဲ့ ဥစ္စာတွေ၊ ဒေသမှာ တောင်းဆိုတဲ့ အသံ၊ အခုကဒီကျေးရွာမှာ မော်တာအပ်ချုပ်စက် သင်တန်းဖွင့်ပေးပါလို့ပြောတဲ့ အတွက် သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးရခြင်းလည်း ဖြစ်ပါတယ်ဟု ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးအေးနိုင် တို့က သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့ကြကာ သင်တန်းသား၊ သင်တန်းသူ(၂၃)ဦးတို့ကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အုတ်ဖိုကျေးရွာတွင် အခြေခံမော်တာ စက်ချုပ်သင်တန်းကို မေလ(၄)ရက်နေ့ မှဇွန်လ (၁၇)ရက်နေ့ အထိ(၄၅)ရက်ကြာ (အခမဲ့)ဖွင့်လှစ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာစက်ချုပ်သင်တန်းကို ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)