ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ် ပြန်လည်ဖွင့်လှစ်ထားရှိ 

ကသာ ဇွန် ၁၇ 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ကသာမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကသာမြို့အဝင် လမ်းမတော်လမ်းမကြီးဘေးတွင် ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားရှိပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။

 

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အသင်းများက နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီအထိ အလှည့်ကျ တာဝန်ယူစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၊ Stay at Home ဟု သတ်မှတ် ထားသည့်ဒေသမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားမှုများသည့်ဒေသမှ ပြန်လာသော မော်တော် ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် Quarantine Centre ကို ကသာမြို့၊ ပတ္တမြားရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ၌ စီစဉ်‌‌ဆောင်ရွက်ထားရှိပြီး ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလများတွင် ထားရှိခဲ့သည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလတွင် ခေတ္တပိတ်သိမ်းခဲ့ပြီး ယခုတစ်ဖန် ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိလာသည့်အတွက် ကျန်းမာရေးစစ် ဆေးရေးဂိတ်ကို ပြန်လည်ထားရှိရခြင်းဖြစ် ကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)