ဖြူးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

ဖြူး ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဖြုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးနေလျက်ရှိရာ ဇွန်လ(၁၇)ရက်နေ့ထိ တောင်သူပေါင်း (၂၂၂) ဦး၏ လယ်မြေဧက(၁၃၉၇)ဧက အတွက် ငွေကျပ်ပေါင်း (၂၀၉၅ ဒသမ ၅)သိန်း ထုတ်ချေးပေးခဲ့ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသက်လွင်ထံမှ သိရသည်။

၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ဖြူးမြို့နယ်အတွင်းရှိ တောင်သူ လယ်သမား များအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ပေးရာတွင် မေလ(၂၆)ရက်နေ့မှ စက်တင်ဘာလ လကုန်အထိ ကျေးရွာအုပ်စု(၆၂)အုပ်စုရှိ တောင်သူ (၁၆၄၇၂)ဦး၏ လယ်မြေဧကပေါင်း (၉၉၃၆၈) ဧကအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်(၁၄၉၀၅၂)သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်တောင်သူများအနေဖြင့် ၂၀၂၀ခုနှစ်က မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို အမြန်ပေးဆပ်ဖို့ လိုအပ်ကာ ချေးငွေပေးဆပ်ပြီးသော တောင်သူများကိုသာ မိုးရာသီအမီ ချေးငွေများ ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်