စေတုတ္တရာ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်း၌ မွန်ဇော်ကျေးရွာအုပ်စုမှ တောင်သူ (၅၁)ဦး၏ စပါးသီးနှံစိုက်ဧက(၆၄)ဧကနှင့် နှမ်းသီးနှံစိုက်ဧက(၁၀၆)ဧကအတွက် စုစုပေါင်းချေးငွေကျပ် (၂၀၂) သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ များကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်း နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးရန် ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ တောင်သူဦးရေ(၁၅၄၉) ဦးတို့ကို ချေးငွေစုစုပေါင်း ၆၀၅၄ ဒဿမ၅၀ သိန်း ထုတ်ချေးပေးရန် လျာထားထားရှိပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ရာ ယနေ့အထိ ကျေးရွာအုပ်စု (၉)အုပ်စုရှိ တောင်သူ(၁၆၉)ဦးအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း (၆၈၈) သိန်းကို ထုတ်ချေးပေး ပြီးဖြစ်ကြောင်းနှင့် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေ သေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်သန်းလှိုင်