ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေလုပ်သားများ ပင်လယ်ပြင်မှာ ကြုံရမည့် အခက်အခဲများကို ဖြေရှင်းနိုင်စေရန်နှင့် ပင်လယ်ပြင်မှာ တွေ့ကြုံရမည့် သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန် လုပ်ငန်းခွင် အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်၍ ပင်လယ် ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု (Training on Basic On-job Skill for Fishermen)(1/2021) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်ထွဋ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်းဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်နှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်နိုင်တို့က အမှာစကားအသီးသီးပြောကြားခဲ့ပြီး သင်တန်းသား များမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြောင်း သိရသည်။
သင်တန်းကို ရေလုပ်သား(၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ(၁၇)ရက် နေ့မှ (၁၉)ရက်နေ့အထိ သင်ကြားပေးသွား မည်ဖြစ်ရာ သင်တန်းတွင် ပင်လယ်ငါးဖမ်း ရေလုပ်သားများ အတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ ဆိပ်ကမ်းအကြောင်း၊ မီးဘေးကြိုတင် ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်းနှင့် ရေကြောင်းပညာပေးဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို ကျွမ်းကျင် ပညာရှင်များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ရေလုပ်သား (၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချသွား မည်ဖြစ်ရာ ငါးမဖမ်းရကာအတွင်း ရေလုပ်သားများ လုပ်ငန်းခွင်အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် အလားတူ သင်တန်းများကိုလည်း ဆက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို