မြဝတီ ဇွန် ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားရာ ဒီနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းသည် မိမိကျေးရွာအတွင်းက ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပါကြောင်း၊ ဒါကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးက ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲနည်းသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
မြဝတီမြို့နယ်အနေဖြင့် အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာ ၂၃ ရွာတွင် ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၁ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းကြောင့် ကျေးရွာများရှိ လျှပ်စစ်မီး၊ လမ်းတံတားနှင့် ရေရှိရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်