ဘားအံ ဇွန် ၁၇
ကရင်ပြည်နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ဘားအံမြို့နယ်အတွင်း ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် ကိုဗစ် ၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများအား အထူးကြပ်မတ်ကုသမှုပေးနိုင်ရေး သီးသန့်လူနာဆောင်(Isolation Unit)များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေနှင့် ကိုဗစ်လူနာများ အဓိကလိုအပ်သည့် Oxygen ရရှိနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများထားရှိ ဆောင်ရွက်ပေးမည့်အခြေအနေ၊ ကျန်းမာရေးသုံးဆေးနှင့်ဆက်စပ်ပစ္စည်းများ လိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများ၊ ပြည်တွင်း ရွှေ့ပြောင်းသွားလာကြသူများ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့မှုရှိသည်ဟု သံသယရှိသူများအား စနစ်တကျ စစ်ဆေးကြပ်မတ်၍ အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရေးအတွက် ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ Cyclone Center နှင့် ဘားအံ စက်မှုဇုန်အနီးရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း(Quarantine Center) များအဖြစ် ပြင်ဆင်ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အနီးရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဆိုပါရိပ်သာတွင် နေထိုင်လျက်ရှိသော အဘွား ၅ ဦး၊ အဘိုး ၂ ဦးနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကန်တော့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘိုးဘွားရိပ်သာအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့ အောင်သံလွင် အားကစားကွင်းတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘောလုံးအသင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ လာရောက်ကြည့်ရှုအားပေးကြသည့် တပ်ဖွဲ့ဝင်မိသားစုများနှင့် ဘောလုံးပရိတ်သတ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)