ကြို့ပင်ကောက် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် အဘိတ်ဆေးခတ်ခြင်းကို ပန်းတင်ရပ်ကွက် ပန်းတင် (၃)လမ်းအတွင်း ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်တာဝန်ခံ သွားဖွားဆရာမက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်းတင်ရပ်ကွက် ပန်းတင်(၃)လမ်းတွင် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါ အဆင့်တစ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရပ်ကွက်အတွင်း ရှိအခြားကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်သည့် ခြင်အကိုက်ခံရခြင်း မရှိစေရန်အတွက် ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ကျောင်းများမှ ရေတွင်းရေကန်များ ကျောက်စည်များ အတွင်း အဘိတ်ဆေးခတ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရပ်ကွက်တာဝန်ခံသားဖွား ဆရာမက ပြောသည်။
ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်းမှ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသော ကလေးငယ်တစ်ဦးသာ ဆေးရုံတက်ရောက်ကုမှု ခံယူလျက်ရှိပြီး အဆိုပါကလေးငယ်မှာ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ငှက်ဖျားရောဂါဌာန တာဝန်ခံတစ်ဦးထံမှ သိရသည်။
ဇေယျာထွန်း