ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီမြို့နှင့် လက်ပံတန်း မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

သာယာဝတီ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နှင့် လက်ပံတန်းမြို့တို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ တည်ဆောက်ရေး(၉) ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သာယာဝတီခရိုင်အတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်နေမှု အခြေအနေနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ လက်ခံရရှိမှုနှင့် မြို့နယ်များသို့ ပြန်လည်ဖြန့်ဝေပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာသီဟက တိုက်နယ်ဆေးရုံနှင့် ပြည်သူ့ ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဆောင်ရွက်နေမှုနှင့် Facility Quarantine ဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇပြောင်းလဲလာပြီး နောက်ပိုင်း အလွန်ကူးစက်မြန်သည့် ရောဂါတစ်ခုဖြစ်လာပြီဖြစ်၍ သက်ဆိုင် ရာ ရပ်ကွက်/ ကျေးရွာများအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ရန် အသိပညာပေးခြင်းများအား အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် နေရာများခွဲ၍ များများ စစ်ဆေး နိုင်မှသာ မြန်မြန်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ Facility Quarantine များတွင်ရှိသည့် ပိုးတွေ့လူနာများ၊ ထိတွေ့လူနာများနှင့် စေတနာ့ဝန်ထမ်းများအား ထမင်းစရိတ်အားလုံး တာဝန်ယူပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ဆန်များလည်း ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြရန်နှင့် လိုအပ်ချက်များရှိပါကလည်း ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ အစိုးရစက်မှုလက်မှု(သိပ္ပံ) သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ပိုးတွေ့လူနာဆောင် သီးခြားထားရှိမှု အခြေအနေနှင့် စေတနာ့ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး ခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၃)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကာ  အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် Facility Quarantine ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဌာန ဖွင့်လှစ်ရန်နေရာနှင့် ဘီးလင်းတန်းရပ်ကွက်၊ ပေါက်ကုန်း- သီတာလမ်း Lock Down ချထားမှုတို့ကိုလည်းကောင်း၊ သာယာဝတီမြို့ အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်း၌ Facility Quarantine ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ဇွန်လ(၁၅)ရက်နေ့တွင် ခရိုင်တစ်ခုလျှင် KN(95) Mask (၅၀၀၀၀)ခု၊ Goggle (မျက်မှန်) (၈)ဖာ၊ Face Shield (၈၀၀)ခု၊ လက်အိတ်(၁၀)ဖာ၊ Surgical Glove (၆)ဖာ၊ PPE(အဖြူ) (၁၀)ဖာ၊ ခေါင်းစွပ်(၃၀၀၀)ခု၊ PPE(အပြာ) (၅၀)ဖာနှင့် လည်ရှည်(ဖိနပ်) (၇၀)အိတ်တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်