မိုးညို ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ မိုးသစ္စာကျေးရွာအနီးရှိ တောင်သူဦးအေးမြင့်၏ ကွင်းအမှတ်(၇၀)တွင် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုလျော့နည်း စေရန် မျိုးပြောင်းလဲစိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ် ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
သရုပ်ပြပွဲတွင် ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သီတာဦးက သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးမှုလျော့နည်းစေရန် စိုက်ချိန် ပြောင်းလဲစိုက်ပျိုးခြင်း၊ သီးနှံနှင့် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ ရေမြုပ်ဒဏ်ခံနိုင်တဲ့ စပါးမျိုးကို ယခင်စိုက်ပျိုးခဲ့တဲ့ ဆင်းသုခ အမျိုးအစား နေရာမှာ အစားထိုး စိုက်ပျိုးခြင်း စသည့်တောင်သူနည်းပညာပေး စိုက်ပျိုးရေးနည်းလမ်းများအား ရှင်းလင်းပြောကြားပြီး လက်ထောက်ဦးစီးမှူး ဦးကံရင်က မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့သည်။
မျိုးပြောင်းလဲစိုက်ပျိုးရာတွင် ရေမြုပ်ခံစပါး စိုက်ပျိုးခြင်းဖြင့် ရေနစ်မြုပ်မှုကို ၁၄ ရက်ခန့် ခံနိုင်ရည်ရှိ သည့် အတွက် ပျက်စီးဆုံးရှုံးမှု သက်သာစေပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် မျိုးစေ့ကုန် သက်သာစေခြင်း၊ လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းပြီးသားဖြစ်ခြင်း၊ စိုက်ပျိုးရေး နည်းပညာရဲ့ အလေ့အကျင့်ကောင်းများကို လိုက်နာရန်လွယ်ကူခြင်း၊ အပင်ပြုစု စောင့်ရှောက်ရာတွင်လည်း ပေါင်းနုတ်၊ သမန်းနိုးလွယ်ကူပြီး စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း