ဇီးကုန်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ခန်းမ၌ စတင် ထိုးနှံပေးခဲ့သည်၊
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံမှ ထုတ်လုပ် သော (Vero) SARS-CoV-2 Vaccine အား တစ်ဦးလျှင် (၀.၅ml) ကို မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်း (၁၉၃)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ရှေးဦးစွာ ကာကွယ်ဆေးထိုးမည့်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆေးထိုးနှံပြီးပါက ခေတ္တနားနေစေကြောင်းနှင့် အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးနှင့် အဖွဲ့ဝင် များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(Vero) SARS-CoV-2 Vaccine ကို ဇီးကုန်းမြို့နယ်တွင် ပထမအကြိမ်ထိုးနှံ ပေးခြင်းဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်အား ဆေးထိုးပြီး ရက်သတ္တပတ်(၄)ပတ် အကြာတွင် ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ