သဲကုန်းမြို့နယ်တွင် ​Quarantine Centre နှင့် စောင့်ကြည့်ဂိတ်​ပြန်လည်​ဆောင်ရွက်မည့် နေရာများအား ကြည့်ရှုစစ်ဆေး

သဲကုန်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign နှင့် Quarantine Centre နှင့် စောင့်ကြည့်ဂိတ်​ ပြန်လည်​ဆောင်ရွက်မည့်နေရာများ​ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်​ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ စျေးသွား၊ စျေးလာများ၊ ဆိုင်ကယ်၊ ဆိုက်ကား ကယ်ရီများကို Mask (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးလှည့်လည် လှုံ့ဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အဆိုပါအဖွဲ့သည် Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိမည့် သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံနှင့် စောင်ကြည့်ဂိတ်အဖြစ်ထားရှိမည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း