မင်းလှ ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဒေသခံပြည်သူ စုစုပေါင်း (၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်ကျေးရွာအုပ်စု၊ ဦးတိုစာဖြူစုကျေးရွာနေ အသက်(၆၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် လွန်ခဲ့သော တစ်ပတ်ခန့်က စ၍ဖျားနာနေသဖြင့် သာယာဝတီမြို့၊ ဒို့ညီနောင် ဆေးခန်းသို့ မိသားစုဝင်(၄)ဦး နှင့်အတူ သွားရောက်ပြသခဲ့ရာ ကိုဗစ်-၁၉ ရောဂါ သံသယရှိသည့်အတွက် ခရိုင်ပြည်သူ့ဆေးရုံးသို့ လွှဲပြောင်း၍ RDT Test kit စစ်ဆေးခဲ့ရာ ဖျားနာနေသူ အသက်(၆၅)နှစ် အရွယ်ရှိ အမျိုးသားနှင့် မိသားစု (၄)ဦးအနက်မှ ဇနီးဖြစ်သူ တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ရောဂါပိုး တွေ့ရှိသူ(၂)ဦးအား ခရိုင်ပြည်သူ့ဆေးရုံးကြီးမှ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးကူးစက်ခံရသူ (၂) ဦးနှင့် ထိတွေ့ခဲ့သူ(၇)ဦးရှိရာ ၎င်းတို့ကို မင်းလှမြို့၊ ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ယာသစ်သို့ ခေါ်ယူ၍ ကျန်းမာရေးဦးစီးဌာနမှ RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၃)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးရှိသူ(၃)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံးမှ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စုစုပေါင်း(၅)ဦး စတင်တွေ့ရှိနေ သဖြင့် ပြည်သူများ အနေဖြင့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန် လိုအပ်ကြောင်းကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ ပေါက်စ