မြဝတီ ဇွန် ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးစပါးကို စားသုံးရန်အတွက်သာ စိုက်ပျိုး ကြပြီး မိုးအစေ့ထုတ်ပြောင်းများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း မြဝတီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြဝတီမြို့နယ်အနေဖြင့် အဆိုပါ မိုးအစေ့ထုတ်ပြောင်းကို ၅၀၉၉၅ ဧက စိုက်ပျိုးသွားရန် လျာထားလျက်ရှိပြီး ယခုအချိန်အထိ ၃၅၇၈၁ ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ မိုးအစေ့ထုတ်ပြောင်းများကို ရက်ပေါင်း ၁၂၀ အထိ စိုက်ပျိုးရသည်။
ပြောင်းထွက်ချိန်တွင် ပြောင်းတစ်တင်းလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချနိုင်ပြီး ပြောင်းစိုက် တစ်ဧကလျှင် တောင်သူများအတွက် အရင်းအနှီး ၃ သိန်းခန့်သာ ကုန်ကျကာ ၈ သိန်းခန့်ပြန်လည် ရရှိသည့်အတွက် တစ်ဧကလျှင် ၅ သိန်းခန့် အမြတ်ရရှိကြောင်း သိရသည်။
အလားတူ ပြောင်းစိုက်ရက် ၁၀၀ ရလျှင် အဆိုပါ ပြောင်းပင်များအကြား၌ Zero Tillage(ထွန်ရေးမဲ့စနစ်)ဖြင့် ပဲတီစိမ်းများ ထပ်မံစိုက်ပျိုးလျက်ရှိသည့်အတွက် ပြောင်းစိုက်တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေး တောင်သူများ သိပ္ပံနည်းကျစိုက်ပျိုးနည်းများဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အချိုးကျ အသုံးပြုတတ်စေရန်၊ စိုက်ပျိုးထားသော သီးနှံများအား ပိုးမွှားမကျရအောင် စိုက်ပျိုးရေးကွင်းဝန်ထမ်းများမှ ကြိုတင်ကွင်းဆင်း၍ လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်