ငပုတော ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားအမျိုးသား ၃၁ဦး ရှိသည့်အနက်မှ အမျိုးသား ၁၂ဦး အား ဒုရဲအုပ်မျိုးသူရကျော် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅ဦးဖြင့် ယမန်နေ့တွင် ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စစ်ဆေးခဲ့သည့် အချုပ်သား ၁၂ ဦးအနက် ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာတွင် နေထိုင်ပြီး ပုဒ်မ၃၇၇ဖြင့် အချုပ်ကျနေသူတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း သိရှိရသဖြင့် ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ အချုပ်သားတစ်ဦးတည်းတွင်သာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ကုသဆောင်တွင် ထားရှိပြီး ၎င်းနှင့်ထိစပ်သူများအား သီးသန့်ဆောင်တွင် ခွဲခြားထားရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့သူများဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်းတို့မှ အရာရှိ (၈) ဦး၊ အခြားအဆင့်(၃၂)ဦး၊ မိသားစုဝင်အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၉)ဦး၊ အချုပ်သား အမျိုးသား(၂၀)ဦး၊ စုစုပေါင်း (၉၂) ဦးတို့အား ယနေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ RDTဖြင့် စစ်ဆေးခဲ့ရာ ဒုရဲအုပ်(၂)ဦး၊ ရဲတပ်ကြပ်ကြီး (၁) ဦး၊ ရဲတပ်သား (၁) ဦး၊ ဌာနခွဲစာရေး (၁) ဦး၊ စာရေး(၂)ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ပထမအကြိမ်တွေ့ရှိခဲ့သည့် အချုပ်သားအပါအဝင် စုစုပေါင်း(၇)ဦး ထိရှိလာပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)