ကော့ကရိတ် ဇွန် ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိ၊ အရာခံ၊ စစ်သည်များနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်ဦးစီး၍ ဝန်ထမ်းများက အမှတ် (၁၂)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း နေထိုင်ကြသော အရာရှိ၊ အရာခံ၊ စစ်သည်နှင့် မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၄)ဦး၊ မ (၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၁)ဦး၊ မ (၃)ဦး၊ ကတ်လဲလှယ်သူ မ (၁)ဦး၊ ကတ်ပျောက်ဆုံး/ပျက်ဆီး၍ ပြန်ထုတ်ပေးသူ မ (၆)ဦး စုစုပေါင်း (၁၇)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
အလားတူ ပန်းခင်းစီမံချက်ဖြင့် ကော့ကရိတ်မြို့ နယ်အတွင်းရှိ နယ်မြေခံ တပ်ရင်းများဖြစ်သည့် စအရ (၉၁၅)၊ ခမရ (၅၄၆)၊ ခလရ (၅၄၅)၊ အမတ (၃၁၂)၊ ခလရ (၂၃၀)၊ ခလရ (၂၃၁)စသည့် တပ်များသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင် ပြုလုပ်သူ (၃၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၂၃)ဦး၊ ကတ်လဲလှယ်သူ (၄၂)ဦး၊ ကတ်ပျောက်ဆုံး/ပျက်ဆီး၍ ပြန်ထုတ်ပေးသူ (၆၈)ဦး တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ သိရ သည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)