သံတောင်ကြီးမြို့နယ်ကော်ပတ်ခြံကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်း အခမ်းအနားပြုလုပ်

သံတောင်ကြီး         ဇွန်  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံ‌ငွေထုတ်ချေးခြင်း အခမ်းအနားကို ဇလဲကျေးရွာအုပ်စု ၊ ကော်ပတ်ခြံကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ   အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ   ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊  စာရင်းဇယားများပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့်လုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်းအရင်းနှင့် အတိုးများပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အသင်းသားများအားရန်ပုံငွေများ ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် ကော်ပတ်ခြံကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၃၈)ဦးအတွက်ငွေကျပ်(၂၉၆)သိန်း   ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၁)ဦးအတွက် ငွေကျပ် (၁၀)သိန်း၊   ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား  (၂၄)ဦးအတွက်   ငွေကျပ်(၂၄၁)သိန်း စုစုပေါင်းငွေကျပ်(၅၂၀)သိန်းအား    ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)