ဂန့်ဂေါ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် ကာကွယ်ကုသရေး မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက်(၉)နာရီမှ (၁၀)နာရီထိ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် တားဆီးရေးကော်မတီအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများပူးပေါင်း၍ ပြည်သူများ ဝင်ထွက် သွားလာမှုများပြားသည့် မြို့မဈေးနှင့်ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်းလမ်းဆုံနေရာတွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲနေအိမ်ပြင်ပသွားလာခြင်းမပြုရန် ပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသည့် ပြည်သူများအား Mask အခုရေ(၂၀၀)ကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုများပြားလာသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူများသည် နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ကြရန်နှင့် နှာခေါင်းစည်း Mask တပ်ဆင် ရေးအသိပညာပေးကာလကို (၁၆-၆-၂၀၂၁)ရက်နေ့မှ (၂၁-၆-၂၀၂၁)ရက်နေ့ထိ ဆောင်ရွက်မည် ဖြစ်ပြီး ၎င်းရက်နောက်ပိုင်းစ၍ Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ယော)